ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

လောကနန္ဒာစေတီသည် ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။
လောကနန္ဒာစေတီကို အေဒီ၁၀၅၉တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ဌာပနာ ခဲ့သည်။
လောကနန္ဒာစေတီကို အောက်ခြေတွင် ရှစ်ထောင့် ပစ္စာယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံ ရှည်ရှည် ဖေါင်းရစ် အဆင့်ဆင့်ဖြင့်တည်ဆောက်ထားသည်။
လောကနန္ဒာစေတီကို ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်ကဲ့သို့ ဖြစ်နေသည်။
လောကနန္ဒာစေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက်အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃မီတာ(၆ပေခန့်) မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကိုဖူးမျှော်နိုင် ပါသည်။

လောကနန္ဒာဘုရားအနီးတွင် လောကနန္ဒာဘေးမဲ့ဥယျာဉ်တည်ရှိသည်။
လောကနန္ဒာ ဘေးမဲ့ဥယျာဉ်အတွင်း ကမ္ဘာ့ရှားပါးမျိုးစိတ် စာရင်းဝင် ကြယ်လိပ်များကို ၂၀၀၁ ခုနှစ်တွင် မွေးမြူခဲ့ပြီး ကောင်ရေ ၄၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။ လောကနန္ဒာဘုရားအနီး ညောင်ဦး- ချောက်သွားကားလမ်း၏ ၀ဲဘက်တွင် ကပ်လျက်ရှိပြီး ရွှေသမင်၊ ကြိုးကြာ၊ သင်္ဘောယုန်များအား ခြံခတ်မွေးမြူထားကာ ဒရယ်၊ ဆတ်၊ ဂင်လိပ်၊ ဒေါင်း၊ ကြောင်ဝံပိုက်၊ ယုန်၊ ကြက်တူရွေးတို့ကို သဘာဝအတိုင်း မွေးမြူထားကြောင်းသိရသည်။
ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင်ဘက်ယွန်းယွန်း ဧရာဝတီမြစ် ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဥာဏ်တော်ပေ(၁၆၀)၊ ဖိနပ်တော် အကျယ်ပေ(၁၆၀)ပမာဏရှိကာေ၇ွှရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိသည်။ ရွှေစည်းခုံဘုရားကြီးကို ၁၀၃၁ခှုနှစ်တွင် အနော်ရထာ မင်းကြီးစတည်ရာ ၁၀၅၉ခုနှစ်တွင် အတွင်းထပ်စေတီပြီးခဲ့သည်။ ကျန်စစ်သားမင်းကြီး လက်ထက်၁၀၈၉ခုနှစ်တွင် ကျန်အပိုင်းကိုဆက်တည်ရာ ၁၀၉၀ခုနှသ် တွင်လုံးဝ ပြီးစီးခဲ့သည် ဟုဆိုပါသည်။ မြတ်စွာဘုရား၏ စွယ်တော်၊ နဖူးသင်းကျစ်တော် များကိုဌာပနာထားသော မြေပေါက်စေတီမျိုးဖြစ်ပါသည်။ စေတီလေးဘက် များတွင် မတ်ရပ်ကြေးရုပ်ပွားတော်တစ်ဆူစီရှိပါသည်။ ရွှေစည်းခုံဘုရား ၀င်းအတွင်းတွင် တစ်နှစ်ပတ်လုံးပွင့်သည့် ခရေပင်ကြီးသည် ထူခြားမှု့တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေပါသည်။ ရွှေစည်းခုံဘုရားပွဲကြီးကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်းကားသိုက်မြိုက်စွာကျင်းပပြီး တစ်လပတ်လုံး ဈေးဆိုင်ခန်းများဖြင့် ခင်းကျင်းထားပါသည်။ပုဂံတွင် ရှားရှားပါးပါး ကျောက်ဖြင့်တည်ထားသော စေတီဖြစ်ပြီး ပြည်သူတို့ လုပ်အားဖြင့် တူရင်းတောင်မှ ကျောင်များကို လက်ဆင့် ကမ်းသယ်ယူပြီး ဒါနပြုခဲ့ကြသည် ဟုကြားသိရပါသည်။
ဓမ္မရာဇိက ဘုရားဟာ ဖွားစောရွာအနီးမှာ တည်ရှိပါတယ်။ ဓမ္မရာဇိကဘုရားကို နရပတိစည်သူမင်းက တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဥာဏ်တော် ၁၈၀ပေမြင့်တဲ့ အာရုံခံမုဒ်ဦး ၅ခုနဲ့ တည်ဆောက်ထားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ပုဂံမှာ ၅မျက်နှာဘုရား ၁၇ဆူရှိတဲ့အနက်က အကြီးဆုံးဘုရားတစ်ဆူ ဖြစ်ပါတယ်။ ဓမ္မရာဇိကဘုရားကို နရပတိစည်သူမင်းက တည်ထားကိုးကွယ်ခဲ့ပါတယ်။ နရပတိစည်သူမင်းသည် သမိန်ထီးအရပ်မှာ ရှိတဲ့ မထေရ်မြတ်တို့ကိုခွင့်ပန်ပြီး စေတီတော်တည်မဲ့ မြေနေရာကို ရွေးချယ်ခဲ့ပါတယ်။ စေတီတော်ကြီးဟာဥာဏ်တော်မြင့် မားလှာတာမို့ အဝေးကလှမ်းကြည့်ရင်တောင် ဖူးတွေ့နိုင်ပါတယ်။ ဂူဘုရားအတွင်းမှာ နံရံဆေးေ၇းပန်းချီနဲ့ မင်စာကဗျည်းမှတ်တမ်းတွေကို လေ့လာမှတ်သားနိုင်ပါတယ်။ ဓမ္မရာဇိကဘုရားပွဲတော်အတွင်းတွင် နှစ်စဉ် မြင်းစီးပြိုင်ပွဲ ပြုလုပ်လေ့ရှိသည်။
မဟာဗောဓိ စေတီတော်ဟာ ပုဂံမြို့ဟောင်းအတွင်း ဧရာဝတီမြစ်ဆိပ်ကို သွားရာလမ်းဘက်မှာ တည်ရှိပါတယ်။ မဟာဗောဓိ စေတီတော်ဟာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာရှိတဲ့ မဟာဗောဓိ စေတီကိုပုံစံယူ တည်ဆောက်ထားတာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။ စေတီတော်ပုံစံကိုတော့ ပုဂံသားတွေ မဇ္စျိမဒေသမှာရှိတဲ့ မဟာဗောဓိစေတီ ပျက်စီးယိုးယွင်းနေတာကို သွားရောက်ပြုပြင်ကြရာက အတုယူရရှိခဲ့တယ်လို့ မှတ်သားဖွယ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။ မဟာဗောဓိစေတီရဲ့ လှိုဏ်ဂူတော်အတွင်းမှာတော့ ဗုဒ္ဓဆင်းတုတော်ကြီးနှစ်ဆူရှိပြီး အင်းဝခေတ် မင်စာအရလဲ နားတောင်များမင်းရဲ့ ကုသိုလ်တော်လို့ လေ့လာသိရှိရပါတယ်။ ထူးခြားတာကတော့ မဟာဗောဓိစေတီတော်ဝန်းကျင်မှာ မဇ္ဈိမဒေသဗုဒ္ဓဂါယာလို သတ္တဌာနဆိုင်ရာ အမှတ်အသား အဆောက်အအုံတွေ တည်ဆောက်ထားတာကိုလဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ရွှေဂူကြီး ဘုရားကတော့ ပုဂံမြို့အ၀င် သရပါတံခါးရဲ့ အတွင်းပိုင်း အနောက်ဘက်မှာ တည်ရှိပါတယ်။ အမြင့်၁၂ပေ ရှိတဲ့ အုတ်ခုံထက်မှာ တည်ဆောက်ထားပါတယ်။ ရွှေဂူကြီးဘုရားကို အလောင်းစည်သူမင်းနန်းတက်လာပြီးတဲ့ နောက် ရဟန်းသံဃာတွေနဲ့ ညှိုနှိုင်းတိုင်ပင်ပြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာရှိတဲ့ ကန္ဓကုဋိတိုက်ပုံစံ ကိုအတုယူ တည်ဆောက်ထားတာလို့ ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။ ရွှေဂူကြီးဘုရားအတွင်းမှာ ပါဋ္ဌိဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာချပ်ကို နံရံမှာထည့်သွင်း တည်ဆောက်ထားပြီး ပါဋ္ဌိကဗျာလင်္ကာကို ပိုဒ်ရေ ၁၀၀နဲ့ ရေးဖွဲ့ထားတာကို မှတ်သားဖွယ်ရာတွေ့မြင်ကြရမှာ ဖြစ်ပါတယ်
သဗ္ဗညုဘုရားကတော့ ပုဂံမြို့ဟောင်းအတွင်း အရှေ့တောင်ဘက် ထောင့်မှာ တည်ရှိပါတယ်။ သဗ္ဗညုဘုရားဟာ အလောင်းစည်သူမင်းရဲ့ ကောင်းမှု့တော်ဖြစ်ပါတယ်။ ပုဂံတစ်ဝိုက်မှာ ထုထည်ကြီးမားလှပြီး ဥာဏ်တော်အမြင့်ဆုံး ဂူဘုရားကြီးဖြစ်တာမို့ အဝေးတစ်နေရာကနေ ကြည့်ရင်တောင် ထင်ရှားပေါ်လွင်လှပါတယ်။ သဗ္ဗညုဘုရားဟာ ဥာဏ်တော် ပေ၂၀၀ လောက်အမြင့်ရှိပြီးေ၇ှးခေတ် အခါက ရဟန်းသံဃာတော်တွေ ပရိယတ္တိစာပေလေ့လာဖို့နဲ့ ပိဋကတ် တိုက်သဖွယ် အသုံးပြုခဲ့ကြတာလို့ လေ့လာသိရှိရပါတယ်။ သဗ္ဗညုဘုရားကြီးဟာ ဘေးတက်လှိုဏ်ဂူဘုရားကြီးဖြစ်ပြီး ဆင်းတုတော် ထားရှိတဲ့ ကန္ဓကုဋိတိုက်ခေါင်မိုး ပေါ်မှာအုတ်တွေနဲ့ပဲ တည်ဆောက်ထားတာဟာလဲ ထူးခြားတဲ့ဗိသုကာလက်ရာဖြစ်ပါတယ်။
အလိုတော်ပြည့်ဘုရား
အလိုတော်ပြည့် စေတီတော်ဟာ ပုဂံညောင်ဦး ကားလမ်းမကြီးရဲ့ အရှေ့တောင်ဘက် အနော်ရထာလမ်းမ အနီးမှာတည်ရှိပါတယ်။ ကျန်စစ်သားဟာ အနော်ရထာမင်းရဲ့ စစ်သူကြီးဘ၀တုံးက စစ်ထွက်တဲ့အခါ လာရောက် အဓိဌာန်ပြုတဲ့နေရာလို့ ဆိုစမှတ်ပြုကြပါတယ်။ အဲသလိုအဓိဌာန်ပြုပြီး စစ်ထွက်ရာမှ စစ်အောင်နိုင်ခဲ့လို့ ရှင်အရဟံ မထေရ်မြတ်နဲ့ တိုင်ပင်ညှိုနှိုင်းပြီး စေတီတော် တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများအရ သိရှိရပါတယ်။
အာနန္ဒာဘုရားဟာ သရပါတံခါးရဲ့ အရှေ့တောက်ဘက်မှာ တည်ရှိပါတယ်။ ကျန်စစ်သားမင်းကြီးရဲ့ ကောင်းမှု့တော်ဘုရား ဖြစ်ပါတယ်။ ကျန်စစ်သားမင်းကြီးဟာ နန္ဒမူလှိုဏ်ဂူတော်က ကြွရောက်လာကြတဲ့ ရဟန္တာမထေရ်မြတ် တို့ဆီကလှိုဏ်ဂူတော်အကြောင်း ကြားသိရပြီးတဲ့နောက် သဘောကျပြီး နန္ဒမူလှိုဏ်ဂူပုံစံ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရပါတယ်။ အာနန္ဒာဘုရား ပန္နတော်ပုံဟာ ပုဂံမှာရှိတဲ့ ဘုရားအားလုံးနဲ့ မတူညီတဲ့ဂရိကြက်ခြေခတ်ပုံ ဖြစ်ပါတယ်။ အာရုံခံလေးဘက်မှာ မုဒ်လေးမုဒ်ကို ထားရှိပြီးတော့ အလည်လေးမျက်နှာမှာ မက်ရပ်ရုပ်ပွားတော်ကြီးလေးဆူကို ပူဇော်ထားရှိတာကိုလဲ မြင်တွေ့နိုင်ပါတယ်။ အတွင်းဘက်စက်ြန်ပတ်လမ်း၂လမ်းကို အလင်းရောင် လုံလောက်စွာ ရရှိအောင် ဗိသုကာပညာနဲ့ စီစဉ်ထားရှိပုံကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဂူဘုရားအပြင်ဘက် ပစ္စယာမှာ ၅၅၀ဇတ်နိပါတ် စဉ့်ကွင်းတွေကိုမြင်တွေနိုင်ပါတယ်။
ထီလိုမင်းလို ဘုရားကတော့ ပုဂံ-ညောင်ဦးသွား ကားလမ်းနဘေးမှာ တည်ရှိပါတယ်။ နရပတိစည်သူမင်းလက်ထက်မှာ စတင်တည်ခဲ့ပေမဲ့ သားတော် ဇေယျသိခ်ခေါ် နားတောင်းများမင်း လက်ထက်မှာမှ အပြီးသတ်တည်ထား ကိုးကွယ်ခဲ့တာဖြစ်တယ်လို့ လေ့လာမှတ်သားရပါတယ်။ ထီးလိုမင်းလို စေတီတော်ဟာ နရပတိစည်သူမင်း နတ်ရွာစံချိန်မှာ သားတော်ငါးပါးရဲ့အလည်မှာ ထီးဖြူစိုက်စေပြီး မင်းဖြစ်မဲ့သူဘက် ထီးတော်ညွတ်စေဖို့ အဓိဌာန်ပြုခဲ့ရာမှ ဇေယျသိခ်မင်းဘက် ထီးတော်ညွတ်ခဲ့တာမို့ ထီးကလဲလို မင်းကလဲလို လို့အစွဲပြုပြီး စေတီတော်ကိုလဲ ထီးလိုမင်းလို လို့ဘွဲ့တော်အမည်ပေးခဲ့တာ ဖြစ်ကြောင်း မှတ်သားသိရှိရပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကတော့ အတိလောကမင်္ဂလာ အမည် မွန်ဘာသာ ကိုအဖတ်မှားရာက ထီးလိုမင်းလို လို့ခေါ်ရတာဖြစ်ကြောင်းဆိုကြပါတယ်။ ထီးလိုမင်းလိုဘုရားဟာ လှိုဏ်ဂူသုံးဆင့် ဘုရားဖြစ်ပြီး ဗိသုကာလက်ရာတွေကို ထူးခြားဖွယ် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ဓမ္မရံကြီး ဘုရားကိုတော့ ပုဂံမြို့ကနေ မင်းနန်သူရွာဘက် သွားရာလမ်းအတိုင်း သွားရောက်ရင် လက်ျာဘက်အခြမ်း မလှမ်းမကမ်းမှာ ဖူးတွေ့နိုင်ကြမှာ ဖြစ်ပါတယ်။ ဓမ္မရံကြီး ဘုရားရဲ့ ပန္နက်တော်ဟာ အာနန္ဒာ ဘုရားနဲ့ ဆင်တူပြီး အုတ်စီပုံကလဲ အထူးကောင်းမွန်လှပါတယ်။ ဒီဘုရားကြီးကို နရသူမင်းက တည်ထားကိုးကွယ်တာ ဖြစ်ပါတယ်။ ခမည်းတော် အလောင်းစည်သူမင်းကို လုပ်ကြံစီရင်ခဲ့ ပြီးနောက် မကောင်းမှု့တွေကို ပြေပျောက်စေဖို့ နောင်တရပြီး ဒီဘုရားကြီးကို တည်ခဲ့တာဖြစ်ကြောင့် လေ့လာသိရှိရပါတယ်။ ဓမ္မရံကြီးဆိုတဲ့ ဝေါဟာရကတော့ ပုဂံခေတ်ကာလ အနောက်ဘက်မှာ သီတင်းသုံးနေထိုင်တဲ့ အရှင်ဓမ္မရံသီမထေရ်မြတ်ကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့တာလို့ လေ့လာသိရှိရပါတယ်။
ဗူးဘုရားဟာ ပုဂံမြို့မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ ဗူဘုရားဟာ ရှေးဟောင်း ပျူစေတီ ပုထိုးပုံစံဖြစ်ပြီး ပျူတွေရဲ့ ရာဇ၀င်အကြောင်းအရာတွေနဲ့လဲ ဆက်စပ်လျှက်ရှိတယ်လို့ သိရှိရပါတယ်။ ဗူးဘုရားဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိနေတာမို့ မြစ်ရေတိုက်စားမှု့ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ၁၉၇၅ခုနှစ်မှာတော့ စေတီတစ်ခုလုံး မြစ်ထဲပြိုကျပျက်စီးခဲ့ရလို့ ၁၉၇၈ခုနှစ်မှာ အသစ်တဖန် ပြန်လည်တည်ထား ကိုးကွယ်ခဲ့တာဖြစ်ပါတယ်။
ရွှေဆံတော်ဘုရားဟာ အာနန္ဒာဘုရား အနောက်ဘက်မုဒ်က ထွက်ပြီး တောင်ဘက်ခရီး ၂ဖာလုံလောက် အကွာမှာတည်ရှိပါတယ်။ ဒီစေတီတော်ကို အနော်ရထာမင်းကြီးက တည်ထားကိုးကွယ်ခဲ့တာ ဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။ အနော်ရထာမင်းမြတ် ဥသာပဲခူးမှာ ခမာလူမျိုးတွေ တိုက်ခိုက်ဝင်ရောက်ခဲ့စဉ်က စစ်ကူ ပေးခဲ့အတွက် ဥသာမင်းက ဆက်သတဲ့ ဆံတော်ကို ဌာပနာပြုပြီး စေတီတော် တည်ထားကိုးကွယ် ခဲ့တာလို့ လေ့လာသိရှိရပါတယ်။ ရွှေဆံတော်ဘုရားဟာ မက်စောက်တဲ့ လှေကားများနဲ့ ပုဂံဘုရားများကို အပေါ်စီးမှ လှပစွာ မြင်တွေ့နိုင်တာကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များသဘောကျ နှစ်ချိုက်တဲ့ ဘုရားတစ်ဆူဖြစ်ကြောင်း သိရှိရပါတယ်။
ဂေါတော့ပလ္လင် လှိုဏ်ဂူတော်ဘုရားကြီးဟာ ပုဂံမြို့တောင်ဘက် ကားလမ်းမဘေးမှာတည်ရှိပါတယ်။ နရပတိစည်သူမင်းကြီး ရဲ့ကောင်းမှု့တော်ဖြစ်ပြီးပြီး စေတီတော် တည်ထားကိုးကွယ်စဉ်အတွင်း နရပတိစည်သူမင်း နတ်ရွာစံ ကံတော်ကုန်သွားလို့ သားတော်နားတောင်းများမင်းက ဆက်လက်တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဂေါတော့ပလ္လင် လှိုဏ်ဂူတော်ဘုရားကြီးဟာ ထုထည်ကြီးမားပြီး ဥဏ်တော်(ပေ၁၈၀) မြင့်မားကြောင်း လေ့လာသိရှိရပါတယ်။ လှိုဏ်ဂူတော် အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကိုလဲ ကြည်ညိုဖူးမျှော် မြင့်တွေနိုင်ပါတယ်။ အလောင်းစည်သူမင်းလက်ထက် မိဘဘိုးဘွားတွေကို ကန်တော့ရာနေရာမှာ တည်ထားကိုးကွယ်ခဲ့တာဖြစ်လို့ ကန့်တော့ပလ္လင် လို့ဆိုကြရာက နောင် ဂေါတော့ပလ္လင်လို့ ဖြစ်လာကြောင်းလေ့လာသိရှိရပါတယ်။
ငှက်ပစ်တောင်စေတီကို ညောင်ဦးမြို့တွင်းအ၀င် ကားလမ်းနဘေးမှာ တည်ရှိတဲ့ ဘုရားနီဘုရားရဲ့အလွန် အရှေ့ဘက်ကိုချိုးဝင် သွားရောက် ဖုးမျှော်နိုင်ပါတယ်။ ငှက်ပစ်တောင်လို့ဆိုပေမဲ့ တောင်ကုန်းတောင်းတန်းကြီး မဟုတ်ပဲ အမြင့်ပေ(၂၅ပေ) လောက်သာရှိတဲ့ တောင်ပူစာကလေး ဖြစ်ပါတယ်။ အနော်ရထာမင်းမြတ်ရဲ့ ငှက်ပစ်တောင်အထက်မှာ တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ ဥာဏ်တော်၁၈ပေ မြင့်တဲ့ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကိုလဲ ဖူးတွေ့နိုင်ပါတယ်။ ငှက်ပစ်တောင်ဘုရားဟာ ပျူစောထီးရာဇ၀င်နဲ့လဲ ဆက်စပ်နေပါတယ်။ အနော်ရထာမင်းလက်ထက်မှာ သထုံဒေသက ကြွရောက်လာတဲ့ ရှင်အရဟံမထေရ်မြတ်ရဲ့ အုတ်ကျောင်းတည်ရှိပါတယ်။
စူဋာမဏီဘုရားဟာ မင်းနန်သူရွာရဲ့ အနောက်ဘက် လမ်းမဘေးမှာ တည်ရှိပါတယ်။ နရပတိစည်သူမင်းရဲ့ ကောင်းမှု့တော်ဖြစ်ပြီး ဘုရင်မင်းမြတ် တုရင်တောင်ကို ကြွချီလာတဲ့အခါမှာ ပတ္တာမြားလိုတောက်ပတဲ့ အရောင်ပေါ်လာတဲ့ နေရာကိုတွေ့မြင်ရာက အဲဒီနေရာမှာလှိုင်ဂူ ဘုရားကို တည်ထားကိုးကွယ်ခဲ့တာ ဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။ န၇ပတိစည်သူမင်းကြီးဟာ ဂူဘုရားတည်ဆောက်ပြီးစီးတဲ့အခါ သာသနာအနှစ်၅၀၀၀ တည်စေဖို့ ရည်ရွယ်တဲ့အနေနဲ့ လယ်ယာမြေ အမြောက်အများကိုလဲ လှူဒါန်းခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ထုထည်ကြီးမားလှတဲ့ စူဋာမဏီဘုရားကြီးမှာ အစိမ်းရောင်နှင့် အ၀ါရောင် စဉ့်ချပ်များစွာကိုလဲ တပ်ထားတာတွေ့မြင်ရမှာဖြစ်ပါတယ်
မနူဟာဘုရားဟာ မြင်းကပါရွာမှာ တည်ရှိပါတယ်။ သထုံဘုရင် မနူဟာမင်းရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ မနူဟာမင်းက တည်ခဲ့တာမို့ မနူဟာဘုရားလို့ အမည်တွင်ပါတယ်။ ပုဂံဘုရင် အနော်ရထာမင်းမြတ်ဟာ ခမာတို့ရဲ့ အန္တရာယ်ကို ကြုံတွေ့နေရတဲ့ မနူဟာမင်းကို သွားရောက်ကယ်တင်ရာမှ အပြန်ခရီးမှာ မနူဟာမင်းကိုလဲ အသက်ဘေးမှကာကွယ်တဲ့ အနေနဲ့ ပုဂံကိုလိုက်ပါလာစေခဲ့ပါတယ်။ မနူဟာမင်းဟာ ပုဂံမှာနေစဉ်အတွင်းမှာ သူ့ရဲ့မနောမယလက်စွပ်တော်ကို မြင်းကပါသူဌေးထံရောင်းချပြီး မြင်းကပါအရပ်မှာ စေတီတော် တစ်ဆူတည်ထား ကိုးကွယ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရပါတယ်။
ပြဿဒ်ကြီးဘုရားကတော့ အနောက်ဖွားစောရွာသို့ သွားရာလမ်းနဘေး အတွင်းဘက်မှာတည်ရှိပါတယ်။ ပြဿဒ်ကြီးဘုရားဟာ ကျစွာမင်းကြီးရဲ့ ကုသိုလ်တော်ဖြစ်ပြီး သီဟိုက ပြန်လည်ကြွေ၇ာက်လာတဲ့ ဓမ္မသီရိမဟာထေင်္ရအတွက် တည်ခဲ့တာလို့ဆိုကြောင်း လေ့လာသိရှိရပါတယ်။ ပြဿဒ်ကြီးဂူဘုရားတည်ထား ကိုးကွယ်နေစဉ်အတွင်းမှာပင် ကျစွာမင်းကြီးနတ်ရွာစံ ကံတော်ကုန်သွားပါတယ်။ ပြဿဒါးနေ့မှာ စတင်တည်ခဲ့တာမို့ ပြဿဒါးဘုရားလို့လဲ ခေါ်ကြကြောင်း အဆိုရှိပါတယ်။ ပြဿဒ်ကြီးဘုရားရဲ့ အုပ်စီလက်ရာနဲ့ ဗိသုကာလက်ရာပုံစံဟာ ထူးခြားကောင်းမွန် လှတာမို့ လေ့လာဖွယ်ကောင်းတဲ့ ဂူဘုရား တစ်ဆူဖြစ်ပါတယ်။
အပါယ်ရတနာဘုရား

အပါယ်ရတနာဘုရားဟာ မြင်းကပါရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ ကျန်စစ်သားဟာ စောလူးမင်းရဲ့ ရန်ကိုတိန်းရှောင် ထွက်ပြေးရစဉ်မှာ အပါယ်ရတနာက တိတ်တဆိတ် လာရောက်တွေ့ဆုံပြီး စားကောင်းသောက်ဖွယ်တွေ ပေးပို့လေ့ရှိပါတယ် နောင်ကျန်စစ်သားမင်း ဘုရင်ဖြစ်လာတဲ့အခါ တိတ်တဆိတ် တွေ့ဆုံဘူးရာနေရာကို ကျန်စစ်သားမင်းနဲ့ အပါယ်ရတာနာမိဖုရားတို့က ဂူဘုရားတစ်ဆူတည်ထား ကိုးကွယ်ခဲ့တာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။ အပါယ်ရတနာဂူဘုရား အတွင်းမှာတော့ နံရံဆေးရေးပန်းချီ ရေးဆွဲထားတာကြောင့် လေ့လာမှတ်သားဖွယ်ရာ ကောင်းပါတယ်။ နံရံဆေးရေးပန်းချီတွေကိုလဲ ရှေးဟောင်းမွန်ဘာသာနှင့် ကဗျည်းစာ ရေးထိုးထားတာကိုလဲ လေ့လာမြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။
မြစေတီကျောက်စာ(ရာဇကုမာင်္ရကျောက်စာ)

မြစေတီဘုရားသည် မြင်းကပါရွာရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ် မြန်မာ့သမိုင်းမှာ ထင်ရှားလှတဲ့ မြစေတီကျောက်စာလို့ခေါ်တဲ့ ရာဇကုမာရ်ကျောက်စာ ကြောင့်လဲမြစေတီဘုရားကို လူသိများလှပါတယ်။ မြစေတီဘုရားနေရာမှာ ရှေးခေတ်အခါက ဂူဘုရားတစ်ဆူရှိခဲ့ပြီး ရာဇကုမာရ်မင်းသားက ခမည်းတော် ကျန်စစ်သားမင်းကြီးကို ရွှေဆင်းတုရုပ်ပွားတော် တစ်ဆူရေစက်ချလှူစေခဲ့ပြီး ဌာပနာမှု့ပြုခဲ့တဲ့ ဂူဘုရားတစ်ဆူဖြစ်ကြောင်း လေ့လာသိရှိရပါတယ် မြစေတီဂူဘုရားဟာ ကုန်းဘောင်ခေတ်မှာ ပျက်စီးယိုယွင်းသွားလို့ စေတီတော်သစ်တစ်ဆူ တည်ခဲံ့တယ်လို့ အဆိုရှိပါတယ်။